သတိပြု စရာ အွန်လိုင်းရှော့ အမည်ခံ MLM

သတိပြု စရာ အွန်လိုင်းရှော့ အမည်ခံ MLM

လွန်ခဲ့သော ၃ လ ဆေးခန်းသို့ လာနေကျ ဆေးကုမ္ပဏီက ညီမငယ်တစ်ဦး ရောက်လာသည်။

‌လာ ညီမ ပေါ်မလာတာ ကြာပြီ ကိုဗစ်ကြောင့်လား

ဟုတ်တယ် ဆရာ အခုလည်း ကုမ္ပဏီကိစ္စနဲ့ လာတာမဟုတ်ဘူး ဆရာ။ ညီမ ဈေးလေး ရောင်းချင်လို့ လာတာပါ။

အော် ဘာတွေ ရောင်းနေတာလဲ။

Cosmetic လေးတွေပါဆရာ ဒီမှာပါဆရာ

ဆိုပြီး cosmetic. တွေ ပြသည်။

ဆရာ ဒါလေးက တစ်ဗူးထဲ ဆို ၅ ထောင်ပါ ဆရာ။ ဆရာ ဗူး ၂၀ က စယူရင် ၄၀၀၀ နဲ့ ရတယ်။ ဆရာ ပြီးတော့ ဆရာလည်း အေးဂျန့် ဝင်ပြီးသား ဖြစ်ပြီဆရာ။ ဆရာ မလုပ်ရင်တောင် ဆရာ့အမျိုးသမီး ကို အခုလိုပဲ အေးဂျန့်ရှာခိုင်း ရောင်းခိုင်း ပေါ့ဆရာ။ အွန်လိုင်းကနေလဲ ရောင်းလို့ရတယ် ဆရာ။ ညီမလည်း အဲလို လုပ်နေတာ အခု ဆရာ့ဆီသာ လူကိုယ်တိုင် လာပြောတာ။

ပြောနေတာက အားတက်သရော။ ကိုယ်က သူ့ကို တစ်ချက် ကြည့်ပြီး …

ညီမ MLM. ကို ကြားဖူးလား?

ဆရာ ဒါက MLM. လုံးဝ မဟုတ်ဘူး ဆရာ။ ဒါက အွန်လိုင်း ရှော့ ပဲ ဆရာ။

ဟုတ်ပါပြီ ထားပါ အွန်လိုင်းရှော့ ပေါ့ ညီမ အခု အေးဂျန့် ဘယ်နယောက်ရပြီလဲ

သိပ်မရသေးပါဘူး ဆရာ ညီမ ရွာမှာရော ( ရွှေဘို တောင်ဘက်ဆီက ရွာ) ရွာမှာကတော့ ညီမလိုမျိုး အေးဂျန့် ဆယ်ယောက်လောက် ရှိပါတယ် ဆရာ။

အဲတော့ အခု ညီမအေးဂျန့်အနေနဲ့ ဝယ်ထားတဲ့ ပစ္စည်းတွေ ညီမ ပိုက်မိနေပြီမလား ဒါကြောင့် ဆရာ့ ဆီ ရောက်လာတာမလား။

ဟီးဟီး ဟုတ်ပါတယ်ဆရာ။

ပြီးတော့ ဆရာ့ဆီ လာရောင်းတယ်ဆိုတာ အဓိက က တစ်ဗူးတည်း ရောင်းဖို့လာတာလား အေးဂျန့် အဖြစ် ဝင်စေချင်လို့လာတာလား။

အဓိက ကတော့ ဆရာ့အမျိုးသမီးနဲ့ မိတ်ဆတ်ခိုင်းပြီး သူ့ကို ဝင်ခိုင်းစေချင်တာပါဆရာ။

အင်း ဟုတ်ပါပြီ ဆရာပြောမယ်နော် ညီမ ဆေးကုမ္ပဏီ မှာ လုပ်တုန်းက ဆရာ့ဆေးခန်းလာရင် အော် သူတို့တွေ ရွှေဘိုကနေတောင် ရွာအထိ လာရတာ ဆိုတဲ့ စိတ်ကလေးနဲ့ လူနာပါးတဲ့ ကာလတွေမှာတောင် အတတ်နိုင်ဆုံး လာရတာအလကား မဖြစ်ရအောင် အော်ဒါကလေးတွေ မှာပေးခဲ့ပါတယ်။ အခု ကိစ္စ ကတော့ ဆရာ မဝယ်နိုင်ပါဘူ။း ပြီးတော့ ညီမလဲ ပြန်စဉ်းစားပေါ့ လုပ်သင့် မလုပ်သင့်။ အခု သမီးတို့ပြောတဲ့ အေးဂျန့် ဆိုတာ ဟိုးလွန်ခဲ့တဲ့ ၇ နှစ်ကျော် ၈ နှစ်လောက်တုန်းက MLM ဆို ပြီး သိပ်ကို နာမည်ကျော်ခဲ့တဲ့ စနစ်နဲ့ အတော်ကလေး ဆင်တူတာ အခု ညီမဝင်ထားတဲ့ အေးဂျန့် အထက်မှာ ဘယ်နယောက်ရှိနေပြီလဲ ဆရာ မသိဘူး။ ဒါပေမယ့် ညီမတို့ က ပစ္စည်းတွေ သူ့ဆီက ယူတိုင်း အထက်က လူတွေက ဘိုးနပ် ဘိုးနပ် ဆိုပြီး မြိန်မြိန်ကြီး ရနေကြပြီ။ ညီမတို့ အောက်မှာ ရှိနေတဲ့ သူတွေက ‌ညီမတို့လို နောက်ထပ် အေးဂျန့်တွေ ရှာ အခု ညီမတို့ ဖြစ်နေသလို ပစ္စည်းတွေက ပိုက်မိ ကိုယ့်ရွာမှာ ရောင်းစရာ လူ မရှိတော့ဘူးလေ။ အဲတော့ ဘေးရွာတွေလှည့် အရင် အေးဂျန့် ဝင်တဲ့သူတွေက သိပ်မသိသာပေမဲ့ နောက် ရောက်လေလေ နောက်မှ ဝင်တဲ့ နာလေလေ ပဲလေ။ ဆရာရယ် အဲဒါတော့ သူ မရောင်းတတ်လို့သူ အသုံးမကျ လို့ ပဲ ခံပေါ့ လို့တော့ မပြောနဲ့ ညီမ။ ဈေးဘယ်လောက် ရောင်းတတ်တတ် အခု ညီမတို့ရွာမှာ ဖြစ်နေသလို ရောင်းတဲ့သူက ဆယ်ယောက်ရှိတယ် ထား။ ဝယ်မဲ့သူက သိပ်မရှိတော့ဘူးလေ။ ညီမတောင် ဆရာ့ရွာကို အခု ရောက်နေတာ သက်သေပဲလေ။ အပေါ်က ဘယ်လောက်ဝင်ပါတယ် ဆိုတဲ့ သူတွေကိုပဲ မကြည့်ပါနဲ့။ အောက်မှာ ဝယ်ထားတဲ့ ပစ္စည်းပိုက်မိနေတဲ့ သူတွေရဲ့ မျက်ရည်ကိုလည်း မြင်အောင်ကြည့်ပါ။ ညီမတို့ပစ္စည်းက အရည်အသွေးကောင်းလို့ အခုချိန်မှာ အရမ်းရောင်းနေရရင်တောင် ဈေးကွက်သဘောအရ တချိန်ကျရင် နောက်ထပ် ပေါ်လာရင် နောက်မှ ဝင်လာတဲ့ အေးဂျန့် တွေက ငုတ်တုတ်မေ့မှာပါပဲ။ အခု ညီမက အပေါ်ကလူ အောက်ကလူ လား အပေါ်ကလူဆိုရင် ညီမ အဆင်ပြေမယ်။ ညီမဆီကနေ ဆင့်ပွားလာတဲ့ အေးဂျန့်တွေဆီက ဘိုနပ်တွေနဲ့ အဆင်ပြေပါလိမ့်မယ်။ အောက်ကလူ ဆိုရင်တော့ ရောင်းစရာမရှိတော့တဲ့ ဈေးကွက်ထဲမှာ ပိုက်ဘောမိနေတဲ့ ပစ္စည်းတွေနဲ့ ပေါ့။ ဈေးရောင်းတာ သမ္မာအာဇီဝ အလုပ်ပါ။ ဒါပေမယ့် ဒီအလုပ်က သမ္မာအာဇီဝ ကျတဲ့ အလုပ် ဟုတ် မဟုတ်ကတော့ ဆရာ မပြောပါဘူး ညီမ။ ရွာက သီလသမာဓိ နဲ့ ပြည့်စုံတဲ့ ဆရာတော် တစ်ပါးပါး ကို မေးကြည့်ပေါ့ အောက်ကလူတွေရဲ့ မျက်ရည်တွေကို ဘိုးနပ် ဘိုးနပ် ဆိုပြီး မြိန်ရည်ရှက်ရည် စားသုံးနေတာဟာ သမ္မာအာဇီဝ ကျရဲ့လို့။ ညီမတို့က အခုမှ ကြုံရတာပါ ဆရာတို့က ကြုံခဲ့ဖူးရတာ ကြာပေါ့။ အခုလို နားချရတာလည်း များပေါ့။ သူတို့ရည်ရွယ်ထားတာကလည်း ညည်းတို့လို ကျောင်းပြီးကာစတွေ တက္ကသိုလ်ကျောင်းသူ လေးတွေ ပစ်မှတ်ထားနေကြတာ။ အခု အိမ်မှာ တခြားဘာလုပ်သေးလဲ။

ကွမ်းခူး လိုက်တယ်ဆရာ။

အင်း လောလောဆယ်တော့ ကွမ်းခူးလိုက်ပေါ့။ အားတဲ့အချိန် မိဘကို ကူပေါ့။ ညည်းလည်း အတွေ့အကြုံရှိနေပြီပဲ။ ဆေးကုမ္ပဏီတွေက ခေါ်တဲ့အခါ ပြန်လျှောက်ပေါ့။ အခွင့်အရေးတွေ ပေါ်လာမှာပါ။ ဆရာကတော့ ဆက်မတိုးစေချင်ဘူ။း အဲ တစ်ခုတော့ တောင်းပန်ချင်တယ်။ တကယ်လို့ ဆက်လုပ်မယ်ဆိုရင်တောင် ဆရာ့ရဲ့ ဒီရွာလေးကိုတော့ ရှောင်စေချင်တယ်။

ဟုတ်ကဲ့ပါ ဆရာ ပြန်လိုက်ပါဦးမယ်။ ဆရာ ခွင့်ပြုပါဦး။

ဟုတ်ပါပြီ။

တစ်လ ခန့်ကြာသော် သူ့ဆီက ဖုန်းလာတယ်

ဆရာ ကျမ အလုပ်ရပြီဆရာ တဲ့ ဆရာ့ဆီက အပြန်ကတည်းက အစ်မကို ဆရာပြောပြတာတွေ ပြောပြီး တိုင်ပင်တော့ အစ်မကလည်း မလုပ်တော့နဲ့ ဆိုလို့ လုံးဝ မလုပ်တော့တာ ဆရာ ဆရာ့ကို ကျေးဇူးတင်ပါတယ်

++++++++++

ဒီစာကို ရေးရတာက အခုတလော ရွာမှာ ဒီလိုမျိုးလေးတွေ အတွေ့ရစိပ်လာလို့ ကိုယ့်ရွာသူရွာသားတွေကို ဒီအကြောင်း နားလည်စေချင် သိစေချင်လို့ပါ။ တချို့လည်း သိကြပါတယ်လေ။ ကိုယ်နဲ့ မဆိုင်တော့လည်း ဝင်မပါကြတာပေါ့။ ညီလေးတစ်ယောက်ကတော့ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ရှယ်တတ်ပါတယ် ( နာမည်တော့ မရေးတော့ပါဘူး ) ဒီလိုရေးလို့ ကိုယ့်အတွက်တော့ အကျိုးဘာမှ မရှိပါဘူး ဒါပေမယ့် ကိုယ့်ရွာသူရွာသားတွေ အသိတစ်ခုခုရသွားခဲ့ရင် ကိုယ် ရေးရကျိုး နပ်တာပေါ့ တချို့လူတွေရဲ့ အမုန်းခံရကျိုးနပ်တာပေါ့ လေ။

Crd Hla Myo Thant

Pyae Sone Htoo

See all author post

Leave a Reply